ရေးသားသူ - အောလို အင်္ဂါနေ့, 19 အောက်တိုဘာလ 2010 19:57
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် အောတိုဘာလ ၁၆ ရက်နေ့က ကရင်နီတပ်မတော်နှင့် မြန်မာစစ်အစိုးရတပ်တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ်ဘက်မှ တပ်ကြပ်ကြီး တဦးနှင့် တပ်သားတဦး ကျဆုံးခဲ့သည်။
ဗိုလ်ကြီး ဖဲဘူး ဦးဆောင်သော တပ်ရင်း ၂၊ တပ်ခွဲ ၂မှ ကရင်နီတပ်ဖွဲ့နှင့် ဗိုလ်ကြီး ဖြိုးမင်းဝင် ဦးဆောင်သော စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၂၄၇ တို့သည် ဒီးမော့ဆိုမြို့နယ် ဒေါတမကျေးရွာအနီးတွင် နှစ်ဦးနှစ်ဘက် တွေ့ဆုံ၍ ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။
“ကျနော်တို့ ကရင်နီတပ်က နအဖတပ်ရဲ့ လက်နက် တလက်ကို သိမ်းဆည်းရမိခဲ့တယ်။ အဲဒီလက်နက်က ခုနှစ်ဆယ်ကိုးနဲ့ အမ်အေ တွဲထားတယ်” ဟု ကရင်နီတပ်မတော် ဗျူဟာမှူး ဗိုလ်မှူးကြီး ဘျားရယ်က ပြောသည်။
ဒေါတမကျေးရွာ အနီး၌ တပ်စွဲထားသော ခလရ ၂၄၇ သည် ၎င်းတို့၏ တပ်စခန်းမှ ထွက်ခွာသွားစဉ် ကရင်နီတပ်မတော်ဘက်မှ အလျင်တွေ့ဆုံကာ ပစ်ခတ်ခဲ့မှုကြောင့် ကရင်နီတပ်ဘက်မှ ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်း ကရင်နီ သတင်းနှင့် ပြန်ကြားရေးကော်မီတီ အဖွဲ့ဝင် တဦးက ပြောသည်။
၎င်းက “ရွာသူ၊သားတွေကိုတော့ ထိခိုက်မှု မရှိပါဘူး။ ဒါပေမဲ့ သူတို့ ပစ်ကြတဲ့ နေရာက စစ်တပ် တပ်စခန်းနဲ့ ရွာက နီးနီးလေးပဲလေ။ တိုက်ပွဲ ပြီးတဲ့အချိန်မှာ တိုက်ပွဲ ဖြစ်တဲ့ နေရာကို စစ်တပ် တပ်စခန်းမှ လှမ်းပစ်တော့ နေအိမ် နှစ်လုံးကို ထိသွားတယ်” ဟု ပြောသည်။
အောတိုဘာလ ၁ ရက်နေ့တွင်လည်း ရှားတောမြို့နယ်အတွင်း၌ စစ်အစိုးရတပ်နှင့် ကရင်နီတပ်မတော်တို့ ရင်ဆိုင်တိုက်ပွဲကြောင့် စစ်အစိုးရတပ်ဘက်မှ ၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရှိခဲ့သည်ဟု သိရသည်။
Tuesday, October 19, 2010
ကရင်နီနှင့် စစ်အစိုးရတပ် တိုက်ပွဲ စစ်တပ်မှ ၂ ဦး သေဆုံး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment