Wednesday, June 29, 2011

တရုတ်ဘက်မှ မြန်မာတပ် ဝင်တိုက်မည်ဟု KIA မယုံကြည်

ဘကောင်း Wednesday, 29 June 2011

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာအား တရုတ်နိုင်ငံ နယ်နမိတ် အတွင်းမှတဆင့် စစ်ဆင်ရေးဆင်နွှဲရန် တရုတ်အစိုးရက မြန်မာအစိုးရတပ်ကို ခွင့်ပြုလိမ့်မည်ဟု အယုံအကြည်မရှိကြောင်း KIA ခေါင်းဆောင်များက ဇွန်လ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

21588-kachin_china
မြန်မာနိုင်ငံကချင်ပြည်နယ် လိုင်ဇာမြို့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ရှိ နယ်ခြားဂိတ် (ဓာတ်ပုံ - ဧရာဝတီ)




မကြာသေးခင်က ယူနန်ပြည်နယ် မန်ရှီမြို့တွင် ပြုလုပ်ခဲ့သည့် တရုတ်-မြန်မာ အစိုးရ အရာရှိများ အစည်းအဝေးတွင် လိုင်ဇာအား ထိုသို့တိုက်ခိုက်ရန် မြန်မာဘက်က အကူအညီတောင်းကောင်း တောင်းနိုင်သည်ဟု လိုင်ဇာတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်း တခု၌ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။

မြန်မာစစ်တပ်၏ တရုတ်နိုင်ငံအခြေပြု စစ်ဆင်ရေးနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေကို လျစ်လျူမရှုသော်လည်း တရုတ်အစိုးရအနေနှင့် ခွင့်ပြုလိမ့်မည်ဟု မယုံကြည်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ထိုသို့ ခွင့်ပြုခြင်းဖြင့် နယ်စပ်တည်ငြိမ်ရေးအပေါ် လွန်စွာ ထိခိုက်စေနိုင်၍ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆိုသည်။

၎င်းက ဆက်လက်၍ KIA ကို တိုက်ခိုက်ရန်အတွက် တရုတ်အစိုးရက လိုင်ဇာနှင့် ယူနန်ပြည်နယ်ကို ဆက်သွယ်ထားသော အဓိက ကုန်သွယ်ရေး လမ်းကြောင်းအား မြန်မာစစ်တပ်ကို အသုံးပြုခွင့်ပေးလိမ့်မည်မဟုတ်ကြောင်း၊ တရုတ်နယ်စပ်တွင် ကချင်ပြည်သူ ၃ သိန်းခန့် နေထိုင်၍ ဖြစ်ကြောင်း ပြောသည်။

ဗိုလ်ချုပ်ကြီး ဂွမ်မော်က “မြန်မာစစ်တပ်က ကျနော်တို့ကို တရုတ်ဘက်ကနေ တိုက်ချင်တယ်ဆိုရင် တိုက်လို့ရနေတာပဲ၊ တရုတ်အစိုးရ ခွင့်ပြုချက်တောင် မလိုဘူး။ နယ်စပ်ကူး လက်မှတ်သုံးပြီး သူတို့ ကွန်မန်ဒိုတွေ လွှတ်လို့ရတာပဲလေ။ ဒါပေမယ့် တရုတ်အစိုးရအနေနဲ့ သူတို့နိုင်ငံထဲက ကချင်ပြည်သူလူထုနဲ့ ပြဿနာ မတက်ချင်ဘူးလို့ ကျနော်ထင်ပါတယ်” ဟု ဆိုသည်။

တောင်ကုန်းများ ထူထပ်စွာ ဝိုင်းရံလျက်ရှိသည့် လိုင်ဇာမြို့သည် လွန်ခဲ့သည့် နှစ်ပတ်ကျော်ကာလ KIA နှင့် မြန်မာအစိုးရ တပ်များကြား ပြင်းထန်သည့်တိုက်ပွဲများ မဖြစ်ပွားမီအထိ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေး အချက်အချာ နေရာတခုအဖြစ် တည်ရှိခဲ့သည်။ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခသည် တရုတ်အစိုးရက ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်နေသည့် မိုးမောက်မြို့နယ်ကို ထိန်းချုပ်နိုင်ရေးအပေါ် အဓိက အခြေခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ယခင် စည်းကားခဲ့သော လိုင်ဇာ-ယူနန်လမ်းသည်လည်း တိုက်ပွဲများ စတင်ဖြစ်ပွားသည့်အချိန်မှစ၍ လုံးဝနီးပါး ငြိမ်သက်လျက်ရှိသည်။ မြန်မာတပ်ဖွဲ့ဝင်များအနေနှင့် ဤလမ်းကြောင်းကိုသုံး၍ လိုင်ဇာသို့ ဝင်ရောက်ရန် ကြိုးစားပါက “သတ်ကွင်း” အတွင်း ရောက်လိမ့်မည်ဟု ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

“ထိုးစစ်ကို ရင်ဆိုင်ဖို့ ဒေသတခုလုံးမှာ ကျနော်တို့အင်အားတွေ ဖြန့်ထားပြီးပါပြီ” ဟု ၄င်းက ဆိုသည်။

မြန်မာအစိုးရအနေနှင့် လက်ရှိအချိန်တွင် လိုင်ဇာနှင့် မိုးမောက်မြို့နယ်များအား အင်အားအလုံးအရင်းဖြင့် စစ်ဆင်ရေးဆင်နွှဲရန် ပြင်ဆင်နေသည့် သတင်းအချက်အလက်များကို KIA က ရထားပြီး ဖြစ်သည်ဟု သိရသည်။

KIA အား တိုက်ခိုက်ရခြင်းမှာ မိုးမောက်မြို့နယ်အတွင်းရှိ ရေကာတာများ လုံခြုံရေးအတွက် ဖြစ်သည်ဟု မြန်မာအစိုးရက ပြောသော်လည်း ဤစစ်ဆင်ရေး၌ နယ်စပ်ဒေသဆိုင်ရာ စစ်ရေးရည်မှန်းချက် ပါရှိသည်ဟု ဗိုလ်ချုပ်ကြီး ဂွမ်မော် အပါအဝင် KIA ခေါင်းဆောင်များက မြင်ကြသည်။

“မြန်မာစစ်တပ်အနေနဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကျနော်တို့ တပ်ဖွဲ့တွေကြားက ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီး ကျနော့်တို့ကို ချိနဲ့သွားအောင် လုပ်ချင်တာပါ” ဟု ဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောသည်။

ရှမ်းပြည်နယ် ကွတ်ခိုင်၊ သီပေါနှင့် သိန္နီမြို့နယ်များရှိ KIA တပ်ဖွဲ့များကို တပ်မှူး ဗိုလ်မှူးကြီး ဇောင်ရော်က ဦးစီးလျက်ရှိသည်။ ထိုမြို့နယ်များသည် ဘင်္ဂလားပင်လယ်အော်မှ ယူနန်ပြည်နယ်သို့ တင်ပို့မည့် တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ မြို့နယ်များ ဖြစ်ကြသည်။

ပိုက်လိုင်းလုံခြုံရေးအတွက် ၄င်း၏ တပ်ဖွဲ့များကို တိုက်ခိုက်လာပါက KIA အနေနှင့် တုံ့ပြန်မည့်ကိစ္စနှင့်ပတ်သက်၍  ဗိုလ်မှူးကြီး ဇောင်ရော်က “ကျနော်တို့ ပျောက်ကျားစစ် ဆင်နွှဲပါမှာ။ ကျနော်တို့မှာ လောင်ချာ လက်နက်ငယ်တွေ အလျှံပယ် ရှိပါတယ်။ ဒါတွေနဲ့ပဲ မိုးမောက်ကို မြန်မာစစ်တပ်က တိုက်တဲ့အချိန်မှာ ကျနော်တို့ အောင်အောင်မြင်မြင် ခုခံနိုင်ခဲ့တာပါ” ဟု ဆိုသည်။

ဇွန်လနောက်ဆုံးပတ်အတွင်း မြန်မာစစ်တပ်က ကွတ်ခိုင်နှင့် သိန္နီမြို့နယ်များသို့ စစ်ကူများ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထိုစစ်ကူများမှာ အရပ်သား အဝတ်အစားဝတ်ထားသော အုပ်စုငယ်များအသွင်ဖြင့် ဒေသတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီး ဇောင်ရော်က ယမန်နေ့က ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူးကြီး ဇော်င်ရော်က “ကြည့်ရတာ ကျနော်တို့တော့ စစ်ပွဲကြီးနဲ့ ရင်ဆိုင်ရတော့မယ်နဲ့တူတယ်” ဟု ဆိုသည်။

KIA နှင့် မြန်မာအစိုးရကြား တိုက်ပွဲများသည် နှစ်ဖက်သဘောတူထားသည့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ကို ပျက်ပြားစေခဲ့သည်။ မြန်မာအစိုးရက အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ဖိအားပေးချိန်မှစ၍ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအကြား တင်းမာမှုများ စခဲ့သည်။

ယင်းသို့ တိုက်ပွဲများဖြစ်ပွားနေချိန်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က အစိုးရ ကိုယ်စားလှယ်များ၏ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းလာချက်အပေါ် ငြင်းဆန်ခဲ့သည်။ အစိုးရအနေနှင့် အပစ်ရပ်ရေးအတွက် အထောက်အထား စာရွက်စာတမ်းများ ပြရန် အစိုးရကိုယ်စားလှယ်များမှ တဆင့် ပြန်ကြားခဲ့သည်။

တရုတ် အစိုးရက တိုက်ပွဲများကို KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့ နှစ်ဖက်စလုံးမှ ရပ်တန့်ရန် တောင်းဆိုခဲ့သော်လည်း ၄င်းတို့နှင့် တရုတ်အစိုးရ အရာရှိများအကြား ဆက်သွယ်ရေးမှာ ပြတ်တောက်လုနီးပါး ဖြစ်နေသည်ဟု KIA ခေါင်းဆောင်များက ဆိုသည်။

သို့ရာတွင် မြန်မာအစိုးရနှင့် KIA အကြား ဆွေးနွေးညှိနှိုင်းရန်အတွက် တရုတ်အစိုးရအနေနှင့် စီစဉ်ဆောင်ရွက်ပေးရန် လိုလားသည်ဟု ၄င်းတို့က ဆိုသည်။ ထိုသို့ တရုတ်အစိုးရက ကြားဝင် ဆောင်ရွက်ပေးစေလိုခြင်းမှာ KIA နှင့် မြန်မာအစိုးရကြား ရရှိမည့် မည်သည့်သဘောတူညီချက်ကိုမဆို မြန်မာအစိုးရဘက်က တာဝန်ခံမှုရှိစေရန် ဖြစ်သည်ဟု သိရသည်။

ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် KIA နှင့် မြန်မာအစိုးရတပ်ဖွဲ့များ ဖားကန့်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။ ယင်းတိုက်ပွဲ၌ အစိုးရတပ်မှ ၃ ဦးကျဆုံးပြီး ၄င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း KIA တာဝန်ရှိသူများက ပြောသည်။


နယ်စပ်ဒေသမှ ဧရာဝတီက နောက်ဆုံးလက်ခံရရှိသည့် သတင်းများအရ မူဆယ်မြို့အနီးတွင် ရဟတ်ယာဉ်နှင့် အစိုးရတပ်ဖွဲ့ဝင်များကို ချပေးပြီး မော်တော်ယာဉ် ၆ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ တရုတ်နယ်စပ်ကို ဖြတ်ဝင်မည့် တပ်ဖွဲ့ဝင်များဟု ယူဆရကြောင်း သိရသည်။

No comments:

Post a Comment