Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Friday, July 30, 2010

ဆရာငိုတယ်

ဆရာငိုတယ်


ဖြူစင်သန့်ရှင်း၊ ရနံ့သင်းနဲ့
ပြစ်ကင်းရင်သွေး၊ ပန်းကလေးတွေ
ပညာရည်နို့၊သောက်စို့ခွင့်မကြုံ
မဆုံခဲ့ရ၊ မလှကြစဉ်
ကောင်းကင်ကြီးကညိုတိုတို။


ဒေါသစစ်မီး၊ လောဘစစ်မီး
မီးလောင်ရာတော၊ ဒေသကြောဝယ်
လူမမယ်များ၊ ပြည့်အင်အားမှာ
ကျန်းမာရေးချို့၊ ပညာချို့တဲ့
ပန်းတိုင်မဲ့ရာ၊ ကြီးပြင်းလာချိန်
ရေတိမ်နစ်ကြ၊ အညတရနဲ့
ဒုက္ခရင်ခွင်၊ လဲပြိုစဉ်ဝယ်
ကောင်းကင်ကြီးကငိုမလိုလို။

လူလားမြောက်စေ၊ ပွဲတင့်စေရေး
ရေလောင်းပေါင်းသင်၊ ထိမ်းပဲ့ပြင်ခဲ့
ဥယျာဉ်ကျောင်းကလေး၊ ဗိမ္မာန်လေးဟာ
ညစ်ကြေးလောင်မီး၊ ဖျက်ဆီးခံလိုက်ရတဲ့အချိန်ခါ။
သူ့စေတနာ၊ ဝါသနာ
အနစ်နာများ၊ စော်ကားခံရချိန်
ညိုမှိန်မဲမှောင်၊ ဘဝမှောင်ထဲ
အားတွေခဲ၊ ဇွဲတွေတင်းရင်း
မြေသလင်းထံ၊ ကျောက်နံရံမှာ
သူကြံဖန်တီး၊ သားသမီးတွေ
တတ်သိစေရေး၊ သင်ကြားပေးဝံ့သူ။

ပညာရှာ၊ စာသင်ခန်းမှ
အတင်းအဓမ္မ၊ အကြမ်းပတမ်း
ငမ်းမရဆွဲ၊ ပေါ်တာထဲလိုက်စေ
ကလေးတွေ၊ မြေးတွေအတွက်
ဝမ်းနည်းမျက်ရည်၊ ရှိုက်လျက်ကျစဉ်
ကောင်းကင်ကြီးကလဲပြိုတော့မလို။

သင်္ချာပညာ၊ ကောင်းစွာသင်ပြ
ခွဲတမ်းချ၊ ခွဲခြမ်းပြပေမဲ့လည်း
တစ်လှေထဲစီး၊ တစ်ခရီးတွင်း
ညီရင်းအစ်ကို၊ မောင်ပျိုနှမတွေတောင်
အမှောင်တွေဖုံး၊ အရောင်တွေသုဉ်းမြဲ
တလွဲအတတ်၊ မခွဲတတ်ခဲ့တဲ့
အတည့်မလိုက်၊ တပည့်မိုက်ကြောင့်လေ
အပြုံးတွေခမ်း၊ ရှုံးတွေလွှမ်းစဉ်
ကောင်းကင်ကြီးညို၊ ကမ္ဘာပြိုကြသမို့
ဆရာငိုတယ်၊ ဆရာငိုတယ်၊ ဆရာငိုတယ်။ ။

(လင်္ကာဒီပ)

မိမိညီအစ်ကို ကရင်အချင်းချင်းကိုသော်မျှ စာနာမထားတော့သော ခွဲထွက်ကရင်တစ်စုနှင့် မဟာဝါဒီတွေကြောင့် ကရင်ကလေးငယ်များ၏ နောင်ရေးသည် အင်မတန်မှ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်နေပါသည်။ တောထဲ၊တောင်ထဲ၊
ဒုက္ခများစွာကြားထဲ အသက်ကို ပဓါနမထားဘဲ ရင်သွေးငယ်များ၏ အနာဂတ်ရေးရှေးရှုပြီး ပင်ပန်းဆင်းရဲကြီးစွာ သင်ကြား
ပြသပေးနေသော အနန္တဂိုင်းဝင် အာဇာနည်ဆရာ၊ ဆရာမများကိုလေးစားတန်ဖိုးထားလျက် ဤကဗျာကိုအမှတ်တရ ရေးဖွဲ့
စပ်ဆိုခဲ့ပါသည်။

Read More...

Sunday, June 20, 2010

အသိနှင့်သတိ

  • သဲနှင့်အုတ်ချပ်
ဆင့်ကာထပ်သော်

မျှော်ရာတိုက်ကြီး

ပြီးစီးနိုင်၏။


  • ထိုနည်းကိုယူ
သတိမူလျှက်

ရဲစွမ်းထက်ထက်

အားမာန်စွက်၍။

  • ကရင့်အင်အား
ဆင့်ပွားများသော်

ရန်ခေါ်ရန်ဆုတ်

ရန်တုန်လှုပ်၏။

  • ရဲရင့်ကိုယ်စီ
သွေးစည်းညီက

အားကိုအားဟု

သိမှတ်ပြု၏။

  • သိဥာဏ်အင်အား
ဆင်ခြင်အားနှင့်

မျှော်မြင်ရှေ့နောက်

ရှိထားသင့်၏။

  • လက်ကိုင်နှုတ်ဆက်
နှုတ်မြွက်ချိုလည်း

တုယောင်ခွဲခြား

သိထားသင့်၏။

  • သူသည်လည်းပြုံး
ကိုယ်လည်းပြုံးနှင့်

သူ့ တွင်းစိတ်ဓါတ်

သိထားသင့်၏။

  • သူခေါ်လည်းသွား
သူပြောနားထောင်

သူ့ ကြိုက်ဆောင်ကို

အကောင်းသတိရှိသင့်၏။

  • ဒေါနတောင်စဉ်
ဇွဲကပင်နှင့်

ကရင်မွေနှစ်

ဖိုးဖွားဖြစ်ကို

သက်လိုတစ်မျှ

ထိန်းသိမ်းကြလျှင်

ဘိုးစဉ်ဘောင်ဆက်

ဖွားဖက်ကရင်

ဂုဏ်လွန်တင့်မည်

ကြိုင်သင့်ကမ္ဘာမငြိုးတည်း။

စောကြယ်ပျံ

ဖားစည်သံမှ ကူးယူဖေါ်ပြအပ်ပါသည်။

Read More...

Sunday, May 30, 2010

ချစ်သောကော်သူးလေနှင့်အတူ

မေလ ၂၉၊ ၂၀၁၀
စောကျော်ခွီး

ချစ်သောကော်သူးလေနှင့်အတူ

အားမလျော့စတမ်း
ဇွဲစခန်း၊လမ်းမှာ
ကြမ်းတမ်းလောကဓံ၊ မျိုးချစ်မာန်စုစုနဲ့
အံတုတော်လှန်လာခဲ့ပေ
အို…..ကော်သူးလေရေ.။

ငိုချင်းရှည်၊ လွမ်းချင်းရှည်တွေနဲ့
ပျော်ပါးတွေဝေ
ငေးမနေသင့်တော့တဲ့အချိန်
လှောင်အိမ်စံဘဝတွေအတွက်
ငဲ့ကွက်တာဝန်တွေယူကြလေ။

အို…..ကော်သူးလေရေ……
သင့်ရဲ့ကြီးမားသမိုင်း
တစက်မရိုင်းစေရေး
ကော်သူးလေ ချစ်သူတွေ
ပေးဆပ်စွန့်လွှတ်နေကြပေ။

အို…..ကော်သူးလေရေ……
ချစ်သော တို့မျိုးဆွေတွေ
ပြစ်ပြောထိုးကျွှေးမနေဘဲ
စစ်သောမှန်တရားတော်လှန်ရေးမှာ
ပြန်လာကာရဲရင့်ကြရေး
နွေးထွေးလက်များကမ်းလို့
ဝမ်းပမ်းတသာကြိုဆိုနေကြပေ။

အို…..ကော်သူးလေရေ……
ကိုးဒီသွေးများစွာ
ကမ္ဘာမှာရှိနေသရွေ့လေ
ကေအဲန်ယူဆိုတာ
ကြယ်တာယာ၊လများထက်
ဝင်းလက်လို့ထွန်းနေမယ်လေ။

အို…..ကော်သူးလေရေ……
ကော်သူးလေဆိုတာ
“မိမိလူမျိုးကိုချစ်ပြီး သူတပါးကိုလေးစားသူ”
“ဒူးမထောက်တတ်သူ”
“အညံ့မခံတတ်သူ”
“အမှန်တရားအတွက်ရဲရင့်ကြသူ”
“အမှားကိုမြင် ဝန်ခံတတ်သူ”
“မျက်ကန်းမျိုးချစ်မဟုတ်သူ”
“မဟာလူမျိုးကြီးဝါဒမထားသူ”
ဂုဏ်ပုဒ်ဖြူအလီလီနဲ့
တည်ကြည်တဲ့သဘောဆောင်သည်
ညီနောင် ကော်သူးလေများသိကြစေ။ ။
(လင်္ကာဒီပ)

မှတ်ချက်။ ။ ကမ္ဘာအရပ်ရပ် ရှေ့နောက်တောင်မြောက် ဘယ်လိုပင်ဝေးကွာနေကြပေမဲ့ မိမိတမျိုးသားလုံးတို့၏ရှေ့ရေးကို အတူတကွ လာရောက် ဆွေးနွေးတိုင်ပင်ကြပြီး ရှေ့လုပ်ငန်းစဉ်များချမှတ်လုပ်ဆောင်တတ်သောကော်သူးလေမျိုးချစ်များကိုလေးစားသမှုထားအပ်ပါသည်။ ကိုးဒီသွေးများပြန်လည်ဆုံဆည်းခဲ့သောမေလ(၁၇)မှ မေလ(၂၁)ရက်နေ့အထိ ကျင်းပခဲ့သော(၇)ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲကို ဤကဗျာလေးဖြင့်ဂုဏ်ပြုအပ်ပါသည်။

Read More...