Wednesday, May 18, 2011

ကရင်ပြည်နယ်၌ ၄ လအတွင်း တိုက်ပွဲပေါင်း ၃၅၉ ကြိမ်ဖြစ်ပွား

သန်းထိုက်ဦး Wednesday, 18 May 2011

အစိုးရ စစ်တပ်နှင့် ကရင်လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ပူးပေါင်းတပ်ဖွဲ့ အကြား ယခုနှစ် ဇန်န၀ါရီလမှ ဧပြီလ အထိ တိုက်ပွဲပေါင်း ၃၅၉ ကြိမ် ဖြစ်ပွားခဲ့ကြောင်း KNLA ၏ သုံးလပတ် စစ်တမ်းများ အရ သိရသည်။

dkba-soldiers-10
ယခင် KNLA ထိန်းချုပ်ထားသည့် ဧရိယာကို ၅ သုံးလုံးဂိတ်မှ DKBA တပ်သားများ စောင့်ကြပ်နေစဉ် (ဓာတ်ပုံ - Alex Ellgee/ဧရာဝတီ)

တိုက်ပွဲများသည် ကရင်ပြည်နယ် အတွင်း၌ ဖြစ်ပွားခဲ့ပြီး အစိုးရ စစ်တပ်ဘက်မှ ၆၁၁ ဦး သေဆုံး၍ ၈၄၈ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနှင့် KNLA ပူးပေါင်းတပ်ဘက်မှ ၆ ဦး သေဆုံး၍ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စစ်တမ်း၌ ဖော်ပြထားသည်။


KNLA တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက “အခုအချိန် အထိ အပြောင်းအလဲတွေ မတွေ့ရသေးဘူး၊ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲဖို့ အစိုးရအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို တွေ့ဆုံ ဆွေးရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်များကို အစိုးရအနေဖြင့် နိုင်ငံရေး နည်းလမ်း အရ တွေ့ဆုံရန် လိုအပ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။

နယ်မြေခံ အစိုးရစစ်တပ်မှ အထက် တာဝန်ရှိသူများထံ တိုက်ပွဲသတင်းနှင့် ပတ်သက်၍ ပေးပို့သော အချက်အလက်များ၌  အစိုးရတပ်ဖွဲ့ဝင်များ သေဆုံးသူ စာရင်း ပါဝင်ကြောင်း စစ်တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူ တဦးက ဆိုသည်။ 

၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ်က စတင်၍ မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် အစိုးရတပ်နှင့် DKBA အကြား နေ့စဉ်နီးပါး တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေခြင်းဖြစ်သည်။

စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ်ကို DKBA တပ်ဖွဲ့ဝင် အများစုက ပြီးခဲ့သည့် ဇူလိုင် လကုန်ပိုင်းတွင် လက်ခံ ခဲ့ကြသော်လည်း ဗိုလ်မှူးကြီး စောလားပွယ်(ခေါ်) ဗိုလ်နှုတ်ခမ်းမွေး၏ တပ်ဖွဲ့ကမူ ယင်းအစီအစဉ်ကို သဘောမတူသောကြောင့် ခွဲထွက်ခဲ့သည်။

ယင်းသို့ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း DKBA တပ်ဖွဲ့ဝင်များသည် စစ်အစိုးရကို တိုက်ခိုက်ရာမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ အကြား ပိုမိုအင်အား ကောင်းလာကြောင်း စစ်ရေးလေ့လာသူတဦးက သုံးသပ်သည်။

စစ်အစိုးရက ဖွဲ့စည်းပေးထားသော ကရင် နယ်ခြားစောင့်တပ်ဖွဲ့ တချို့ကလည်း DKBA တပ်ဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းခဲ့ ကြကြောင်း ၎င်းက ဆိုသည်။

ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့သည် ကရင်ပြည်နယ် မြ၀တီမြို့နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် လှုပ်ရှားနေသော တပ် ဖွဲ့ ဖြစ်သည်။

KNLA တပ်ရင်း ၁၀၁ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး ဖောဒိုကမူ“ကျနော်တို့ အရင်ကထက် ပိုပြီး အင်အား ကောင်းလာတယ်၊ အရင် က ကျနော်တို့ စွန့်ခွာခဲ့တဲ့ နေရာတွေတောင်မှ ကျနော်တို့အဖွဲ့ဝင်တွေ ကင်းလှည့်နိုင်တဲ့ အခြေအနေတွေရှိပြီ”ဟု ပြောသည်။

၎င်းကဆက်လက်၍ “တကယ်လို့ အစိုးရအသစ်က ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမယ် ဆိုလို့ရှိရင် တိုက်ပွဲတွေ နည်းလာမယ်၊ ငြိမ်းချမ်းရေး အတွက် အစိုးရက မဆွေးနွေးဘူးဆိုရင် တိုက်ပွဲတွေ ဆက်ဖြစ်နေမှာပဲ၊ ဒါအခု တက်လာတဲ့ အစိုးရအသစ်အပေါ် မူတည်နေပါတယ်”ဟု ပြောဆိုသည်။

No comments:

Post a Comment