Friday, 10 December 2010 သျှမ်းသံတော်ဆင့်
ဒီဇင်ဘာ ၁ ရက် မှ ၇ ရက်နေ့အထိကျင်းပသော မိုင်းလားမြို့သျှမ်းနှစ်သစ်ကူးပွဲတော်အခါ အခွင့်ကောင်း ရယူကာ ဝ၊ သျှမ်း နှင့် မိုင်းလားစစ်ရေးမဟာမိတ်အဖွဲ့ တွေ့ဆုံ၍ အပစ်ရပ်ကာလ နှစ် ၂၀ ခရီးပြန်လည်သုံးသပ် ဆွေးနွေး ခဲ့ကြသည် ဟု စုံစမ်းသိရှိပါသည်။
“အထူးဆွေးနွေးခဲ့ရတဲ့အချက်အလက်တွေကတော့- အမြင်ကျယ်တဲ့ ခေါင်းဆောင်ကြီးတွေက အမြဲသတိပေးပေမယ့် ကျနော်တို့က အရေးတယူမလုပ်ခဲ့ရဘူး။ အနှစ် ၂၀ လုံးလုံး ကျနော်တို့ပေါ့လျော့ခဲ့မိတယ်။ အခုလို နအဖ ဘက်က အတင်းအကြပ်ဖိအားပေး လာတာကို ကျေးဇူးတင်ရမလိုဖြစ်နေပြီ” ဟု ဆွေးနွေးပွဲတက်ရောက်သူမဟာမိတ်အဖွဲ့ ၀င်တဦးကပြောပြပါသည်။

နှစ်သစ်ကြိုသည့် မီးပန်းအလှ
အထူးဒေသ ၄ မိုင်းလား၌ပထမဆုံးအကြိမ်ကျင်းပသော ၂၁၀၅ ခု သျှမ်းနှစ်သစ်ကူးပွဲတော်ကာလ ဝ ပြည်သွေးစည်းညီ ညွတ်ရေး တပ်မတော် UWSA ၊ အသွင်ပြောင်းရေးငြင်းဆန်သော သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ SSA-N နှင့် မိုင်းလားတပ်ဖွဲ့ NDAA-ESS ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးရာမှနိုင်ငံရေးပြန်လည်နိုးကြားတက်ကြွလာခဲ့ခြင်း ဖြစ်သည်။
“အခုအခြေအနေမှာ တရုတ်ဘက်ကလဲ နအဖရောတိုင်းရင်းသားကိုပါ တိုက်ခိုက်ပစ်ခတ်တာ မလုပ်ဖို့ဖိအားပေးသလို နှစ်ဦး နှစ်ဘက် လက်တွဲဆောင်ရွက်သွားဖို့လည်း တိုက်တွန်းနေတယ်။ ဆိုတော့ တရုတ်မငြိုငြင်ရအောင် နအဖက “ ကြာမညှိုးခြောက် ရေမနှောက်ဘဲ ငါးလဲဖမ်းမိစေ” “ မြွေမသေ-ဒုတ်မကျိုး” နည်းကို သုံးသွားမယ့်အနေအထားမှာ ရှိတယ်။ ဆိုတော့ ကျနော်တို့ ဘက်ကလဲ နိုးနိုး ကြားကြား သတိကြီးကြီးထားရမယ့်အခြေအနေဖြစ်တယ်” - နှစ်သစ်ကူးပွဲ တက်ရောက်သူ ၀ ကိုယ်စားလှယ် တဦးကပြောပြသည်။
ထို့အတွက် စစ်အစိုးရက စစ်ရေး နိုင်ငံရေး စီးပွါးရေး အဘက်ဘက်ကို သွယ်ဝိုက်နည်းဖြင့် ပိတ်ပင်ထားသည်ကို တွေ့ရကြောင်း၊ ကိုးကန့်အရေးအခင်းကဲ့သို့ အချိန်တိုအတွင်းဝင်ရောက်တိုက်ခိုက်ပြီး တရုတ်အငိုက်သိမ်းပိုက်ရယူဖို့ အခွင့်အလမ်းရှိပါက ရယူ ဖို့ရန် နအဖတွင်ဆန္ဒရှိကြောင်း နယ်စပ်နေ ထိုအလွတ်သဘောဆွေးနွေးပွဲတွင် သုံးသပ်ကြ သည်။

မိုင်းလား နှစ်သစ်ကူးပွဲပရိတ်သတ်
ထိုကြောင့် တိုင်းရင်းသားများ၏ နိုင်ငံရေးအရထွန်းလင်းတောက်ပလာရန် ပဏာမဖြစ်ကြောင်း၊ သျှမ်းပြည်၌ သျှမ်းလူမျိုးမှာ အစဉ် အလာနှင့် လူဦးရေအများဆုံးအုပ်စုဖြစ်သဖြင့် သျှမ်းလက်နက်တပ်ဖွဲ့ နှစ်ဖွဲ့ဖြစ်သည့် SSA မြောက်ပိုင်းနှင့်တောင်ပိုင်းတို့က နိုင်ငံ ရေးအရပူးပေါင်းဖို့လိုအပ်ကြောင်း၊သို့မှသာကျန်တိုင်းရင်းသားတပ်ဖွဲ့များက ထိရောက်စွာ ပူးပေါင်းလှုပ်ရှားနိုင်မည်ဖြစ်ကြောင်း - ဆက်၍ပြောပြပါသည်။
၇ ရက်ကြာကျင်းပသည့် မိုင်းလားမြို့ သျှမ်းနှစ်ကူးပွဲကာလ အခွင့်ကောင်းယူကာဆွေးနွေးပွဲလုပ်ခဲ့သည့်ခေါင်းဆောင် များမှာ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA မှ ကျောက်ကျုံးတန်းဦးဆောင်သော ဝ တပ်ဖွဲ့ကိုယ်စား လှယ်၊ သျှမ်းပြည်တပ် မတော် SSA-N တပ်မဟာ ၁ အုပ်ချုပ်ရေးမှူး ဒုဗိုလ်မှူးကြီးဆိုင်ဖှ နှင့် မိုင်းလားတပ်ဖွဲ့ NDAA-ESS မှ ဒု- ဥက္ကဌ ခွန်ဆန်လူ၊ စ၀် ဆန်းပေနှင့် အတွင်းရေးမှူး စ၀်ဆိုင်လား၊ ခွန်စိုင်းတစ် တို့ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment