Tuesday, 02 November 2010 20:58 ဆိုင်းဂျာ၊ နိုင်ငံတကာမြန်မာ့သတင်း
ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်စိမ်းတွင်းသည် မြန်မာနိုင်ငံ တနံတလျားရှိ ထောင်ပေါင်းများစွာ သော အလုပ်သမားများကို ကျောက်စိမ်းတူးရန်အတွက် ဆွဲဆောင်လျက်ရှိသည်။
အလုပ်သမားများသည် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည်တို့မှ လာရောက်ကြခြင်း ဖြစ်သည်။ ၄င်း အလုပ်သမားတို့မှာ ကျောက်ကားမောင်းခြင်း၊ ကျောက်ဖြတ်ခြင်း၊ အုပ်စုလိုက် ကျောက်တူးခြင်း၊ ရေမဆေး ကျောက်ရှာဖွေခြင်း စသည်ဖြင့် အမျိုးမျိုး လာရောက် လုပ်ကိုင်ကြသည်။ ၄င်းတို့မှာ တလလျှင် ၅၀၀၀၀ ကျပ် (ဒေါ်လာ ၅၀) ခန့် ၀င်ငွေ ရရှိကြသည်။
ဒေသခံပါတီများ၏ အဆိုအရ ကချင်ပြည်နယ်ရှိ မဲပေးပိုင်ခွင့်ရှိသော ကချင်လူထုအနေဖြင့် တိုင်း ရင်းသားအရေးကို ကိုယ်စားပြု ပြောဆိုပေးမည့် ဒေသခံ အမတ်လောင်း ရရှိရန်အတွက် အလွန်ပင် အခက်အခဲ ရှိနေသည်။
workers-search-for-jade-phakant
ဖားကန့် အလုပ်သမားများ ကျောက်စိမ်း ရှာဖွေနေစဉ်
ဖားကန့်တွင် အလုပ်သမားပေါင်း ၃၆၀၀ ခန့် သာ တရားဝင် မဲပေးပိုင်ခွင့် ရှိသည်ဟု ကော်မရှင်က ကျေညာခဲ့ရာ ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ရှမ်းအမျိုးသားများ
ဒီမိုကရေစီပါတီက ကန့်ကွက်စာ တင်ခဲ့သည်။ ၄င်း အလုပ်သမား ထဲတွင် အလုပ်သမား ၄၀၀ သာ ကချင်ပြည်နယ်မှ လီဆူးနှင့် ရ၀မ် အမျိုးသား ပါဝင်ကြသည်။ ဤ အရေအတွက်မှာ အခြားဒေသမှ လာရောက် အလုပ်လုပ် ကိုင်သူများ ၏ ၁၀ ပုံ ၁ ပုံသာ ရှိသည်။
မဲထည့်ပိုင်ခွင့် ရှိသူ လူဦးရေထဲတွင် ကချင်လူဦးရေ အနည်းငယ်သာ ပါရှိကြောင်း ဒေသခံ အဲန်ဂျီအို လုပ်သား တစ်ဦးက ဆိုပါသည်။
“စာရင်းထဲမှာ ကချင် လူမျိုးက နည်းနည်းပဲ ပါတယ်။……ပါတဲ့ သူတွေကလည်း စစ်အစိုးရ ထောက်ခံ တဲ့ ကြံ့ဖွံ့ ပါတီကို မဲပေးမယ့်သူတွေ ချည့်ပဲ” လို့  ပြောပါသည်။
မြန်မာနိုင်ငံမှာ နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဘယ်လို မဲထည့် ရမလဲ ဆိုတာကို နိုင်ငံရေး ပါတီများက ဖိအားပေးတာကို အလုပ်သမားတွေကြီးပဲ ခံနေရတာ မဟုတ်ပါ။ အလုပ်သမားတွေ ဘယ်ပါတီကို မဲပေးရမလဲဆိုတာ ပြောဆိုဖို့ အတွက် ကျောက်တွင်း ပိုင်ရှင်များလည်း အကျပ်ကိုင် ဖိအားပေးခံနေရခြင်း ဖြစ်သည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ မရိုးဖြောင့်သည့် လုပ်ဆောင်ချက်များကို မကျေနပ်သည့် အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီက ရွေးကောက် ပွဲကော်မရှင်ကို တိုင်ကြားစာ တစ်စောင် ပို့ထားသည်။ ၄င်း တိုင်ကြားစာထဲတွင် ကုမ္ပဏီ လုပ်သားများ (ကျောက်တူးသမား) သည် လိုအပ်ပါက ကျေးရွာရှိ မဲရုံများတွင် မဲထည့်စရာ မလိုပဲ ၄င်းတို့၏ ကျောက်တွင်းများ၌သာ မဲထည့်ခွင့် ရှိသည်ဟူသော အချက်ကို ကန့်ကွက်ကြောင်း ပါရှိသည်။
အာဏာပိုင်များက ကျောက်စိမ်း ကုမ္ပဏီ ၁၇ ခု မှ တာဝန်ရှိသူများကို ခေါ်ယူပြီး အကယ်၍ ၄င်းတို့ ကျောက်တွင်း အလုပ်သမားများက ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီကို မဲမထည့်ပါက ကျောက်တူးခွင့် လိုင်စင် ဆုံးရှုံးသွားနိုင်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။ ကျောက်တွင်း ကုမ္ပဏီ ပိုင်ရှင်များကလည်း ၄င်းတို့၏ ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသောကြောင့် ၄င်းတို့၏ အလုပ်သမား များကို ကြံ့ဖွံ့ ပါတီအား မဲထည့်ကြရန် ဖိအား ပေးနေကြောင်း သိရသည်။
ကုမ္ပဏီများတွင် အလုပ်သမားပေါင်း ခန့်မှန်းချေ ၃၀၀၀၀ (သုံးသောင်း) ခန့် အလုပ် လုပ်ကိုင်နေ ကြသော်လည်း တရားဝင် မဲထည့်ပေးပိုင်ခွင့် ရှိသူဦးရေ မည်မျှရှိကြောင်း ရှင်းရှင်း လင်းလင်း မသိ ရပေ။
မြန်မာအစိုးနှင့် နီးစပ်သည့် နိုင်ငံရေး ပါတီများသည် ဖားကန့် ဒေသခံများ၏ ထောက်ခံမဲ ရရှိရန် ၄င်းတို့အား ယာယီ မှတ်ပုံတင်ကဒ်များ ထုတ်ပေးနေသည်ဟု အတိုက်အခံ နိုင်ငံရေး ပါတီများနှင့် ပြည်ပအခြေစိုက်မြန်မာမီဒီယာများက စွပ်စွဲကြသည်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ စည်းရုံးရေးမှူး ဖြစ်သူ ဦးစိုင်းမြင့်ကျော်က ဖားကန့်နယ်မြေတွင် ရှမ်း တိုင်းရင်းသားများဒီမိုကရက်ပါတီ လုံးဝမနိုင်စေရဟု အာမခံထားကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ဆိုသည်။
မည်သူသည် တရားဝင် မဲပေးခွင့် ရှိသည် ဆိုသည်အချက်နှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ထံမှ သတင်းအချက်အလက်များ ရဖို့ ခက်ခဲနေသည်ဟု NDF ခေါ် အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီမှ ဒေါ်ဘောက်ဂျာက အတည်ပြု ပြောဆိုသည်။ "လူတွေက သူတို့ကို မဲစာရင်းထဲ ထည့်သွင်းပေးဖို့ ကော်မရှင်ကို ဖုန်းဆက် ပြောတိုင်း ကော်မရှင်က နယ်မြေခံရုံးနဲ့ ဆက်သွယ်ဖို့ ပြောတယ်။ နယ်မြေခံရုံးကို သွားပြန်တော့လည်း နိုင်ငံသား စိစစ်ရေးကဒ်ပြား ရှိတွေသာ မဲစာရင်း ၀င်နိုင်တယ်လို့ ပြောတယ်" ဟု သူက ပြောသည်။ "အဲဒီအချက်က တိုင်းရင်းသားတွေ အတွက် ပြဿနာပဲ။ အတော်များများက စိစစ်ရေးကဒ်ပြားတွေမှ မရှိကြတာ" ဟု သူက ဆက်လက် ပြောဆိုသည်။
အနှစ်နှစ်ဆယ်အတွင်း ပထမဆုံးအကြိမ် ကျင်းပမည့် မြန်မာနိုင်ငံက ရွေးကောက်ပွဲသည် လျှို့ဝှက်ချက်များနှင့် ပြည့်နှက် နေသည်။
မြန်မာအစိုးရသည် ရွေးကောက်ပွဲဥပဒေများနှင့် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ထုတ်ပြန်ကြေညာပေးရန် ငြင်းဆန်နေသည်မှာ အမှန်တကယ် ရွေးကောက်ပွဲ ကျင်းပမည့်ရက် မတိုင်ခင် လအနည်းငယ်ခန့်သာ လိုတော့သည့်အချိန်ထိ ဖြစ်သည်။ နိုင်ငံရေး ပါတီများသည် မဲဆွယ် စည်းရုံးရေးလုပ်ရန် အချိန်မရသလောက် ဖြစ်ရုံမက နိုင်ငံသားစိစစ်ရေးကဒ်မရှိသည့် သန်းနှင့် ချီသော တိုင်းရင်းသားများကိုလည်း မဲစာရင်းထဲ မသွင်းခဲ့ပါ။
မြန်မာပြည်မှာ လူအများအပြားဟာ နိုင်ငံသားစိစစ်ရေးကဒ် မရှိကြကြောင်း နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့များက ခန့်မှန်းတွက်ချက်ထားသည်။ သဘောမှာ ထိုသူများအနေနှင့် နိုင်ငံသားဖြစ်ကြောင်း သက်သက်ခံ မရှိသလို မဲပေးပိုင်ခွင့်လည်း မရှိတော့ ဆိုသည့် သဘော ဖြစ်သည်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ လူ ၁ သိန်းကျော် မဲ မပေးနိုင်ကြကြောင်း၊ အကြောင်းမှာ ယင်းဒေသတွင် ၁၀ နှစ်ကျော် နေထိုင်ခဲ့သော်ငြားလည်း ၄င်းတို့တွင် နိုင်ငံသားစိစစ်ရေးကဒ် မရှိကြသောကြောင့် ဖြစ်ကြောင်း သူက ပြောသည်။
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း ဖြစ်သူ၊ မကြာသေးခင်ကမှ စစ်တပ်မှ အငြိမ်းစားယူခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးအုန်းမြင့်သည် ၄င်းအတွက် ထောက်ခံမဲ ရရန် ဖားကန့်ဒေသက နိုင်ငံသား စိစစ်ရေးကဒ် မရှိသေးသူများကို ယာယီ စိစစ်ရေးကဒ်များ ထုတ်ပေးနေသည် ဆိုသည့် စွတ်စွဲချက်များလည်း ထွက်ပေါ်နေသည်။ ဦးအုန်းမြင့်နှင့် ဒေသခံ လူဝင်မှုကြီးကြပ်ရေးအရာရှိများသည် ဒေသခံများအား ၄င်းတို့ထံမှ ထောက်ခံမဲ ရရှိရန် ငွေပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကဒ်များ ထုတ်ပေးမည် ဆိုသည့် ကတိများပေးခြင်းတို့ကို ပြုလုပ်နေသည်ဟု ဆိုင်းတောင်ရပ်ကွက် အရာရှိများက ပြောကြသည်။
"ဦးအုန်းမြင့်က ကျနော့်ကို ကျပ်ငွေ တစ်သိန်းနဲ့ ကျပ် ၅၀ တန် အကြွေတွေ ပေးခဲ့တယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။ ကချင်ဒေသခံတစ်ဦးက မဲစာရင်းမှာ ၄င်း၏ နာမည်ကို မတွေ့ရှိရကြောင်း ပြောသည်။ "မဲစာရင်းမှာ ရှမ်းနဲ့ ဗမာတွေသာ အများစုပဲ၊ ကချင်ဆိုလို့ နဲနဲလေးပဲ ပါတယ်။ မဲစာရင်းထဲမှာ ကျနော့် နာမည် မပါဘူး။ ကျနော် မဲပေးချင်တယ်၊ ဒါပေမယ့် ခွင့် မပြုဘူး။ အပယ်ခံရသလို ကျနော် ခံစားရတယ်" ဟု ပြောသည်။ တခြား ဒေသခံတစ်ဦးကလည်း "ကျနော့်ကိုလည်း မဲစာရင်းထဲ ထည့်မထားဘူး။ ဒီ့အတွက် အထီးကျန်သလို ခံစားရတယ်။ ကျနော့်ကိုသာ မဲပေးခွင့် ပြုရင် ကျနော် မဲပေးချင်ပါတယ် " ဟု ပြောသည်။
Wednesday, November 3, 2010
ကျောက်စိမ်းတွင်း ဒေသတွင် တိုင်းရင်းသား မဲဆန္ဒရှင်များ လျစ်လျူရှုခံနေရ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment