Tuesday, 18 May 2010 18:21 ရိုးမ ၃
ဖမ်းဆီးချုပ်နှောင်ထားစဉ် ရဲအာဏာပိုင်များ ရိုက်နှက်မှုဒဏ်ကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့သည်။
ယခုလ (၁၁) ရက်နေ့တွင် ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ် ရဲစခန်းအချုပ်တွင် ရဲဝန်ထမ်းများ ရိုက်နှက်မှုကြောင့် ကိုကြည်လင်းဆိုသူမှာ အသက်ရှုကြပ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တဦးက ပြောသည်။
“ရဲစခန်းက ပြန်ခေါ်လာတဲ့အချိန်မှာ ကိုကြည်လင်းက ပြောတယ်၊ သူ့ကို စခန်းမှာ ရဲတွေက ဝိုင်းကန်တယ်၊ ထိုးတယ်၊ အဲဒါတွေကြောင့် ဒဏ်ရာတွေရလာတယ် ပြောတယ်။ သူကျောပြင်မှာ အညိုအမဲတွေနဲ့ ဘယ်ဘက် ရင်ဘက်မှာလည်း ဒဏ်ရာတွေရလာတယ်။ အဲဒီဒဏ်ရာတွေနဲ့ဘဲ အသက်ရှုကြပ်တယ်ပြောပြီး ဆုံးသွားတာ” ဟု ပြောသည်။
ကိုကြည်လင်းကို အင်္ဂပူမြို့နယ်၊ ဝက်သေအုပ်စု ဆယ်အိမ်မှူး ဦးကျော်ခင်နှင့် ရဲတပ်သားတဦးက မေလ (၆) ရက်နေ့ညတွင် ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး (၇) ရက်နေ့တွင် ကိုကြည်လင်း၏ အကိုဖြစ်သူ ကိုမောင်မောင်တူး၊ ကိုအောင်မင်းထွန်းနှင့် ရယက စာရေး မသူဇာအောင်တို့က ရဲစခန်းမှ ပြန်လည်ခေါ်လာခဲ့ကြောင်း ၎င်းမိသားစုဝင်က ဆက်ပြောသည်။
“သူ့ကို ဖမ်းတဲ့အကြောင်းက ကိုကြည်လင်းက သားသမီးတွေကို အော်ဟစ်ဆူပူနေလို့ဆိုပြီး ဖမ်းသွားတာ၊ (၇) ရက်နေ့ ညနေ (၄) နာရီလောက်မှာ သူ့အကိုတွေက သွားပြီးထုတ်လာတာ၊ မသေခင်အထိ အဲဒီရိုက်နှက်ထားတဲ့ ဒဏ်တွေကို တော်တော်ခံရတာ (၁၁) ရက်နေ့ မနက် (၅)နာရီလောက်ကြတော့ ဆုံးသွားတာ” ဟုပြောသည်။
ယင်းကဲ့သို့ ရဲအာဏာပိုင်များ ရိုက်နှက်မှုကြောင့် ကိုကြည်လင်းသေဆုံးခဲ့ခြင်းကို အကိုဖြစ်သူက (၁၅-၅-၂၀၁၀) ရက်နေ့တွင် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တစုံတရာ အရေးယူဆောင်ရွက်ပေးခြင်း မရှိကြောင်း မိသားစုဝင်က ဆက်ပြောသည်။
သေဆုံးသူ ကိုကြည်လင်းမှာ အဖ ဦးချစ်ရွှေ၊ အမိဒေါ်ခင်အေးတို့၏ သားဖြစ်ပြီး သေဆုံးချိန်တွင် အသက် (၃၇) နှစ်ရှိကာ ဇနီး မမြင့်မြင့်စိုးနှင့် သားသမီး (၅)ဦး ကျန်ရစ်ခဲ့သည်။
Friday, June 18, 2010
ရဲများ ရိုက်နှက်မှုကြောင့် ပြည်သူတဦးသေဆုံး
Subscribe to:
Post Comments (Atom)

































No comments:
Post a Comment