Wednesday, November 3, 2010

တိုင်းရင်းဒေသနဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ

တိုင်းရင်းသား သတင်းလွှာ အင်္ဂါ, 02 နိုဝင်ဘာ 2010


ကျွန်မက နူးပန်ပါ။ တိုင်းရင်းသားဒေသက သတင်းတွေကို စိုင်းမိဏ်းနဲ့ အတူ တင်ဆက်သွားမှာပါ။

သျှမ်းပြည်နယ်မှာ ကြိုတင်မဲ ထည့်ခိုင်းရာမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီအတွက်ဖြစ်နေ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က မြို့ပေါ်ရပ်ကွက် ဥက္ကဌတွေကို ခေါ်ယူစည်းဝေးပြီး ခရီးထွက်မဲ့သူတွေ ကုန်သည်တွေ ၀န်ထမ်းတွေ နယ်မှာ တာဝန်ကျမယ့်မဲရုံစောင့်တွေကို ကြို တင်မဲအဖြစ် စနေနေ့က စတင်ထည့်ခိုင်းနေပြီလို့ သိန္နီဒေသခံ ၀န်ထမ်းတဦးက ပြောပါတယ်။

ကြိုတင်မဲထည့်ရာမှာ မယက စာရေးမ အမျိုးသမီးက ကြံ့ဖွတ်ပါတီကိုသာ ထောက်ခံတဲ့မဲတွေသာ ခြစ်ပေးပြိး ရပ်ကွက်သားတွေကတော့ သူခြစ်ပေးတဲ့ မဲလက်မှတ်ကိုကိုင်ပြီး ပုံးထဲသွားထဲ့ရုံဘဲလို့ အမည်မဖော်လိုတဲ့ ရှမ်းတရုတ်ကုန်သည် သိန္နီသူ တဦးက ပြောပါတယ်။

အဲဒီကြိုတင်မဲကိစ္စ ကို မကျေနပ်တဲ့ ကျားဖြူပါတီ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားပေမယ့် တစုံတရာ တုန့််ပြန်ဖြေရှင်းတာ မရှိဘူးလို့ ကျားဖြူပါတီဝင်တဦးက ပြောပါတယ်။

အလားတူပဲ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တောင်ပိုင်းနဲ့ တနင်္သာရီမြောက်ပိုင်းဒေသတွေမှာ အစိုးရဝန်ထမ်းတွေကို သက် ဆိုင်ရာ အာဏာပိုင်တွေက ကြိုတင်မဲကောက်ခံနေပါတယ်။

ကြိုတင်မဲကောက်ခံရာမှာ မဲပြားနဲ့ ကောက်ခံတာ မဟုတ်ပဲ ကြိုတင်မဲ စာရင်းပုံစံထဲမှာ နာမည်ဖြည့်သွင်းရတာ ဖြစ်ပြီး မဲကိုတော့ သက်ဆိုင်ရာက မဲပြားတွေ မှာ ထည့်ပေးမယ်လို့ ကိုယ်တိုင် စာရင်းသွင်းရသူတစ်ဦး ပြောပါတယ်။

ကချင်ပြည်နယ်မှာ မဲဆန္ဒရှင် တော်တော်များများက မဲမပေးတတ်ဘူး ဖြစ်နေ

ကချင်ပြည်နယ်မှာတော့ ပါတီတွေကဘယ်လိုပဲ စည်းရုံးမှုတွေ အပြိုင်အဆိုင် လုပ်နေကြပေမယ့် ပြည်သူလူထုအများစုကတော့ ခုချိန်ထိ ရွေးကောက်ပွဲမှာ မဲဘယ်လိုထည့်ရမယ်ဆိုတာ နားမလည်ပဲဖြစ်နေကြတယ်လို့ မဲပေးနည်းသင်တန်းပေးနေတဲ့ အန်ဂျီအိုအဖွဲ့တဖွဲ့က ပြောပါတယ်။

လက်လှမ်းမီတဲ့ ကျေးရွာရပ်ကွက်တွေမှာ မဲပေးနည်းပညာပေးပြီး အစမ်းမဲထည့်ခိုင်းတဲ့အခါမှာ အများစုက ပယ်မဲစာရင်းထဲဝင်နေတယ်လို့ အစမ်းထည့်ခဲ့တဲ့ တပ်ကုန်းအုပ်စုက ဒေသခံတွေကလည်း ပြောပါတယ်။

အခုလိုဖြစ်ရတာဟာ ပညာပေးမှုအားနည်းတာရယ် ရွေးကောက်ပွဲဆိုတာ နဲ့လူထုတွေ အရမ်းကင်းကွာ သွားတာရယ် ဒီတစ်ခါရွေးကောက်ပွဲမှာ မဲပေးပုံစံက ရှုပ်ထွေးတဲ့အတွက် အများအားဖြင့်ကတော့ နားမလည်ကြဘူးလို့ ရှာလွမ်လို့ ခေါ်တဲ့ လူမှုအဖွဲ့အစည်းဖြစ်တဲ့ ငြိမ်းဖောင်ဒေးရှင်းက အဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မဲပေးပညာမပေးနိုင်တဲ့အတွက် အန်ဂျီအိုအဖွဲ့အစည်းတွေနဲ့ ဘာသာရေးအဖွဲ့တွေက ပူးပေါင်းပြီး လက်လှမ်းမီသလောက် ပြည်သူတွေကို ပညာပေးနေတာဖြစ်ပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမှာ ရွေးကောက်ပွဲ ဆန့်ကျင်ဆန္ဒပြကြ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်အတွင်းမှာရှိတဲ့ ကရင်ကျေးရွာ (၅) ရွာက ရွာသားတွေ စုပေါင်းပြီး နိုဝင်ဘာလ(၁)ရက်နေ့မနက်ဘက်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြပွဲ ပြုလုပ်ခဲ့တယ်လို့ ဆန္ဒပြ ခေါင်းဆောင် စောတပစဲက ပြောပါတယ်။

ဒီဆန္ဒပြပွဲကို သူးလေကုန်းနဲ့ တခါ့ချောင်းကျေးရွာစပ်မှာပြုလုပ်ခဲ့ပြီး လူပေါင်း (၂၀၀)နီးပါးတက်ရောက်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတယ်လို့ ခေါင်းဆောင်ဖြစ်သူ စောတပစဲက ပြောပါတယ်။

ဆန္ဒပြတဲ့နယ်မြေတွေဟာ နယ်မြေခံ စစ်တပ်ဖြစ်တဲ့ ခလရ(၂၈၄) နဲ့ (၂)မိုင်ခန့် ဝေးတဲ့နေရာမှာ ဖြစ်တယ်လို့ အခမ်းအနားတက် ရောက်သူတစ်ဦးက ပြောပါတယ်။

တရုတ်နယ်စပ် မုံးကိုး အခြေစိုက် မြန်မာအစိုးရရဲ့  ခမရ (၁၄၅) မှာ တပ်မတော်သားတွေ ကြိုတင်မဲ ထည့်ရာမှာ တပ်ရင်းမှူးက အားလုံးကိုယ်စား ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မဲထည့်ပေးလိုက်တဲ့အတွက် အရာရှိတချို့ နဲ့ တပ်သားတချို့  မကျေမနပ်ဖြစ်နေကြ။

ကျွန်မက ချမ်းလွန်ပါ။ အခု သတင်းလွှာ တပုဒ်ကြားကြရမှာပါ။ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ထည့်ရတဲ့ အထဲမှာ တပ်မတော်သားတွေလည်း ပါဝင်ပါတယ်။ တပ်တွင်းက ကြိုတင်မဲနဲ့ ပါတ်သက်တဲ့ သတင်းတွေ များများစားစား ထွက်မလာပေမယ့် တချို့ နေရာတွေမှာတော့ တပ်မတော်သားတွေဟာ သူတို့ စိတ်ကြိုက်ပါတီကို မဲထည့်ခွင့်မရပဲ၊ တပ်မှူးတွေထည့်ခိုင်းတဲ့ ပါတီကိုပဲ ထည့်ရတယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးအခြေစိုက် စစ်တပ်က ကြိုတင်မဲထည့်ရတဲ့ အခြေအနေကို ခွန်အောင်မြတ်က သတင်းလွှာပေးပို့ထားပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ် အခြေစိုက် ခြေမြန်တပ်ရင်း ၁၄၅ က တပ်ဖွဲ့ဝင်တွေကို ကြိုတင်မဲထည့်ခိုင်းရာမှာ တပ်ရင်းမှူးက သူ့ သဘောနှင့်သူ အမှန်ခြစ်ပြီး ထည့်လိုက်တဲ့ အတွက် တပ်တွင်း မကျေနပ်မှုတချို့  ဖြစ်ပွားနေပါတယ်။

အရင်သုံးပတ်ကတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ လာရောက်ပြီး မဲပေးပုံ ပေးနည်းနဲ့ တပ်မတော်သားတွေ ကြိုတင်မဲကို လွတ်လပ်စွာ ပေးခွင့်ရှိကြောင်း သင်ကြားပေးခဲ့ပေမယ့် အခု အထက်အရာရှိက ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပေးလိုက်တာလို့ တပ်မိသားစုဝင်တဦးက ပြောသည်။

“အဲဒါ တကယ်တမ်း ကျတော့ သူတို့တပ်သားတွေ ကိုယ့်မဲစာရွက်တောင် ကိုယ် မတွေ့လိုက်ရဘူး။ ဘာမှမထည့်လိုက်ရဘူး။ သူတို့ ဘာသာသူတို့ ခြစ်ပြီး ထည့်လိုက်တာ။ သူတို့ကလေ ခြင်္သေ့ကို သိပ်မကြိုက်ကြဘူး။ တကယ့်တကယ်တမ်းမှာ သူတို့ မဲပုံးတောင် သူတို့ မတွေ့လိုက်ရဘူးပေါ့နော်။ မတွေ့လိုက်ရပဲနဲ့ လူကြီးတွေက သူတို့ဟာ သူတို့ ခြင်္သေ့ကိုပဲ အမှန်ခြစ်ပေးလိုက်တာပေါ့။”

ယင်းတပ်ရင်းကို တပ်ခွဲငါးခု ခွဲထားပြီး စစ်မှုထမ်းပေါင်း (၁၅၀) ကြိုတင်မဲပေးလိုက်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“ခံစားရတယ်။ မဲကို နှမြောတယ်ဗျ။ မဲအရေအတွက် အဲလောက်များတာပေါ့နော်။ တရာ့ငါးဆယ်ဆိုလည်း များတယ်ခင်ဗျား။ နှမြောတယ်ပေါ့နော်။ အဲသလို ပေးရတဲ့အတွက်။ အထက်လူကြီးက ဒါဆိုဒါပဲ လုပ်ရတယ်လေ။ အထက်လူကြီးသဘောပဲ သူတို့ ဆန္ဒပဲလေ။ အထက်လူ ကြီးအမိန့်ကို သူတို့ မလွန်ဆန်နိုင်ဘူးလေ။”

ပြီးခဲ့တဲ့ သီတင်းပတ်က မုံးကိုးဒေသကို ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လာရောက် မဲဆွယ်စည်းရုံးခဲ့ပြီး နောက်ပိုင်း ယခုလို ကြိုတင်မဲ ထည့်ခိုင်းတဲ့ အစီအစဉ် ပေါ်လာတာ ဖြစ်ပါတယ်။

No comments:

Post a Comment