10/27/2010
သတင်းရင်းမြစ်-နိရဉ္စရာ
မောင်အေး
မကြာသေးမီက ရခိုင်ပြည်နယ်တွင် တိုက်ခိုက်ခဲ့သည့် ဂီရိမုန်တိုင်းကြောင်း ဒုက္ခရောက်နေကြသည့် မြေပုံမြို့ နယ်မှ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသည့် ပစ္စည်းများကို အလှူရှင်များကို အာဏာပိုင်များမှ တိုက်ရိုက် လှူဒါန်းခွင့် မရ၍ ယနေ့တိုင် ဒုက္ခသည်များ အကူညီ မရရှိသေးကြောင်း သိရသည်။
ယခုကဲ့သို့ သက်ဆိုင်ရာမှတဆင့် လှူဒါန်းရမည်ဟု အာဏာပိုင်များ ပြောကြားသည့် အတွက် အလှူပစ္စည်းများ ရပ်တန့်နေကြောင်းကို မြေပုံသို့ ကူညီ ထောက်ပံ့ ပေးရန် ရောက်ရှိနေသူ တဦးက ယခုကဲ့သို့ပြောသည်။
“တနင်္လာနေ့ကတည်းက နိုင်ငံခြား NGO တွေနဲ့ ပြည်တွင်းက အလှူရှင်အဖွဲ့အစည်းခြောက်ခု စက်လှေတွေနဲ့ မြေပုံကိုရောက်နေတာ အခုဆို နှစ်ရက်ရှိပြီဖြစ်တယ်။ အာဏာပိုင်တွေက သူတို့ဆီက တဆင့် လှူရမယ်လို့ ပြောလို့အခက်ကြုံနေရတယ်။ အလှူရှင်တွေကလည်း ဒုက္ခသည်တွေကို တိုက်ရိုက် လှူချင်တယ်။ ဒီလိုနဲ့ အခုထိ ပစ္စည်းတွေ မဝေငှရသေးဘူး။”
မြေပုံသို့ကူညီထောက်ပံ့ရန် ရောက်ရှိနေသည့် အဖွဲ့အစည်းများမှာ မာတေဇအန်ဂျီအို၊ မင်္ဂလာမြန်မာ၊ မေတ္တာ ဖောင်ဒေးရှင်း၊ ဂရုဏာ ဖောင်ဒေးရှင်းနှင့် MSF တို့ ပါဝင်ကြောင်း သိရသည်။
မုန်တိုင်းဒုက္ခသည်များအဓိက လိုအပ်နေသည့် ပစ္စည်းများမှာ အမိုးအကာ၊ ဆေးဝါး၊ သောက်ရေနှင့် အစားအစာ များဖြစ်ကြောင်း သူကဆက်ပြောသည်။
လေဘေးသင့် ဒေသများတွင် ယခုအခါ ၀မ်းရောဂါစတင်ဖြစ်ပွားနေပြီး သေဆုံးမှုများရှိနေပြီဖြစ်ကြောင်း ကိုယ်တိုင် သွားရောက်ကူညီပေးနေသူတဦးက ယခုကဲ့သို့ပြောသည်။
“လွန်ခဲ့တဲ့ အင်္ဂါနေ့က တောင်ကြီးရင့်ကျေးရွာမှာ ၀မ်းရောဂါဖြစ်လို့ လူနှစ်ဦးသေဆုံးသွားပါတယ်။ တခြားလူ တွေလည်း ဖြစ်နေကြတယ်။ ဒီအတိုင်းဆိုရင် တခြားနေရာတွေကိုလည်း ၀မ်းရောဂါ ကူးသွားနိုင်တယ်။ နောက်ပြီး ဆေးရုံးမှာလည်း ဒဏ်ရာတွေနဲ့ လူနာ ၈၀ လောက်ရှိနေတယ် ဆေးဝါးမလုံမလောက်တာနဲ့ မနိုင်မနင်းဖြစ်နေတယ်။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု အရေးတကြီး လိုနေတယ်။”
ယခုကဲ့သို့ ၀မ်းရောဂါ စတင်ဖြစ်ပွားလာပြီဖြစ်သည့်အတွက် အလှူရှင်များကို တိုက်ရိုက်သွားရောက် လှူဒါန်း ခွင့်ကို အာဏာပိုင်များမှ ခွင်ပြုသင့်ပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ယခုကဲ့သို့ပြောသည်။
“အဓိက ကျွန်တော်တို့ပါတီက လိုလားတာကတော့ ပြည်သူလူထုထိခိုက်မှုတွေ အသက်သာဆုံး ဖြစ်အောင် အာဏာပိုင်တွေ တားဆီးပိတ်ပင်နေတာတွေကို ကျွန်တော်တို့ မလိုလားဘူး။ အလှူရှင်တွေ နဲ့ လူထုကို တိုက်ရိုက်တွေ့ခွင့် ပေးပါ။ အဲဒီလို တွေ့ခွင့်ပေးတဲ့ အတွက် ဘယ်လောက်ထိ ပျက်စီး ထိခိုက် သွားတယ်ဆိုတာကို နိုင်ငံတကာကလည်း သိခွင့်ရမယ်။ ပြည်တွင်းက လူတွေလည်း သနား ကြင်နာ မှုပိုရနိုင်မှာဖြစ်တယ်။ ဒါကြောင်း သတင်းပိတ်ပင်တာတို့ တားဆီးတာတို့ အခုကာလမှာ မလုပ်သင့်ဘူးလို့ ကျွန်တော်တို့ မြင်တယ်။”
ယခုကဲ့သို့ အာဏာပိုင်များမှ အလှူရှင်များအား တားဆီးပိတ်ပင်မှုများ ဆက်လက်ပြုလုပ်နေလျှင် သေဆုံးသူ အရေအတွက် ယခုထက်ပိုပြီးများလာနိုင်ကြောင်း ဒေါက်တာအေးမောင်မှ ပြောကြားသွားသည်။
Wednesday, October 27, 2010
အာဏာပိုင်များ ခွင့်ပြုချက် မရ၍ မြေပုံမြို့နယ် ဂီရိ ဒုက္ခသည်များထံ အကူအညီများ ဖြန့်ဝေနိုင်ခြင်း မရှိသေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment