Saturday, August 14, 2010

မြန်မာဘက်မှ ခိုးသွင်းလာသည့် ယာဘား ဆေးပြားများ ဘင်္ဂလားတွင် ဆက်တိုက်ဖမ်းဆီး

14/8/2010

(နိရဉ္စရာ သတင်း)

တာကလူး
-----------
မြန်မာဘက်မှ နယ်စပ်ကို ဖြတ်ပြီး ခိုးယူ တင်သွင်းလာသည့် ယာဘား ခေါ် စိတ်ကြွဆေးပြား အမြောက်အမြားကို ဘင်္ဂလားဒေခ်ျ့ နိုင်ငံဘက်တွင် နေ့စဉ် ရက်ဆက် ဆိုသလို ဆက်တိုက် ဖမ်းဆီးရမိနေကြောင်း နယ်စပ် သတင်းများအရ သိရှိရသည်။

ယခုလ ၁၂ ရက် ကြာသပတေးနေ့တွင် ယာဘဆေးပြား ၅၀၀၀ ကျော်ကို ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား ၂ ဦး နှင့်အတူ ဘင်္ဂလာဒေ့ရှ်နိုင်ငံ နယ်စပ်မြို့ တက်ကနက် အနီးရှိ ဒါမ်ဒါမ်မီယာ နယ်စပ် စစ်ဆေးရေး ဂိတ်တွင် ဘီဒီအာ ခေါ် ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ ဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံ ဘင်္ဂလားဒေခ်ျ့ နိုင်ငံသား နှစ်ဦးမှာ မိုဟာမတ် နာဇန် (၂၆)နှစ် နှင့် ဒီလ၀ါ (၂၅)နှစ် တို့ ဖြစ်ကြပြီး အဆိုပါ ယာဘားများကို မြန်မာနိုင်ငံ မောင်တောမှ တဆင့် လောင်းလှေဖြင့် နတ်မြစ်ကို ဖြတ်ပြီး ခိုးသွင်းလာခဲ့သည်ဟု သက်ဆိုင်ရာက ပြောသည်။

ယာဘဆေးပြားများကို တက်ကနက်မြို့မှ တဆင့် ကော့စ်ဘဇားမြို့သို့ ကားဖြင့် ယူဆောင်လာစဉ် စစ်ဆေးရေးဂိတ်၌ ဘီဒီအာရ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ယခုလ ၁၀ ရက် အင်္ဂါနေ့ကလည်း နတ်မြစ်ကို ဖြတ်၍ မောင်တောဘက်မှ ယာဘဆေးပြား ၁၀၁၁ ပြား သယ်ယူလာသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား လှေသမား လူငယ်တစ်ဦးကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ တက်ကနက်ဘက် ကမ်းပေါ်သို့ အတက်တွင် ဘီဒီအာများက ဖမ်းဆီးခဲ့သည်။

၎င်းလူငယ်မှာ မိုဟာမတ် ကိုင်ဆာ (၁၈) နှစ်ဖြစ်ပြီး တက်ကနက် ဒါမ်ဒါမ်မီယာ ကျေးရွာမှ ဖြစ်ကြောင်း သိရှိရသည်။

ယခုလ ၉ ရက် တနင်္လာနေ့ကလည်း မြန်မာနိုင်ငံ မောင်တောအမှတ် (၂) ရပ်ကွက်မှ နူရ်အာဟာမတ်၏သား ကာမာလ်ဟူဆိန် (၂၁)နှစ်ကို တက်ကနက် မြို့ရှိ လာမာဘာဇာ ဈေးတွင် ယာဘဆေးပြား ၁၈၀၀ နှင့် အတူ ဒေသခံရဲများက ဖမ်းဆီးခဲ့သည်။ ဟူဆိန်ကို ဖမ်းဆီးပြီးနောက်ပိုင်း သူနှင့် ဆက်စပ်လုပ်နေသည့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသား တက်ကနက် ဇိုင်လာပါရာ ရပ်ကွက်နေ မော်ဆိုး (၂၆)နှစ် ကိုလည်း ရဲများက ဖမ်းဆီးခဲ့သည်။

နယ်စပ် သတင်းများ၏အဆိုအရ ဘင်္ဂလားဒေခ်ျ့ နိုင်ငံတွင် လူကုန်တံ အသိုင်းအ၀ိုင်းများမှ လူငယ်များသာမက ညအလုပ်လုပ်သည့် ဆိပ်ကမ်းအလုပ်သမားများနှင့် အ၀တ်အထည်ချုပ် အလုပ်သမားများ အကြားတွင်လည်း ယာဘဆေး သုံးစွဲသူဦးရေ များပြားလာနေကြောင်း သိရသည်။

၎င်းပြင် ကာမအားတိုးဆေး အဖြစ်လည်း အသုံးပြုနေကြသဖြင့် မြန်မာမှ ထုတ်လုပ်သော ယာဘားဆေးမှာ အမြတ်ကြီးရနေခြင်းကြောင့် ဒေသခံမှောင်ခိုသမားများမှာ မြန်မာဘက်မှ မှောင်ခိုသမားများနှင့် ပေါင်းဖက်ပြီး ဘင်္ဂလာဒေခ်ျ့ကို တင်သွင်းနေကြခြင်းဖြစ်သည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ၀င်ရောက်နေသည့် ယာဘဆေးပြားများမှာ WY အမှတ်တံဆိပ်ပါ ယာဘဆေးပြားများ ဖြစ်ကြပြီး အမျိုးအစားအားဖြင့် Super၊ R7D နှင့် Champa ဟူ၍ သုံးမျိုးရှိသည်။ နယ်စပ် နယ်စပ် လက်ကား ဈေးများအရ ယာဘဆေးပြား တပြား၏ တန်ဖိုးမှာ မောင်တောမြို့၌ ၂၀၀၀ မှ ၃၅၀၀ ကျပ်ထိ ဖြစ်သော်လည်း ဘင်္ဂလားဘက်တွင် တာကာငွေ ၃၀၀ မှ ၅၀၀ ထိဈေးရကြောင်း သိရှိရသည်။

နယ်စပ်တွင် လက်ရှိ ငွေလှဲလှယ်နှုန်းထားမှာ ဘင်္ဂလာ တစ် တာကာကို မြန်မာ ၁၃.၈၀ ကျပ် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment