ဆရာငိုတယ်
ဖြူစင်သန့်ရှင်း၊ ရနံ့သင်းနဲ့
ပြစ်ကင်းရင်သွေး၊ ပန်းကလေးတွေ
ပညာရည်နို့၊သောက်စို့ခွင့်မကြုံ
မဆုံခဲ့ရ၊ မလှကြစဉ်
ကောင်းကင်ကြီးကညိုတိုတို။
ဒေါသစစ်မီး၊ လောဘစစ်မီး
မီးလောင်ရာတော၊ ဒေသကြောဝယ်
လူမမယ်များ၊ ပြည့်အင်အားမှာ
ကျန်းမာရေးချို့၊ ပညာချို့တဲ့
ပန်းတိုင်မဲ့ရာ၊ ကြီးပြင်းလာချိန်
ရေတိမ်နစ်ကြ၊ အညတရနဲ့
ဒုက္ခရင်ခွင်၊ လဲပြိုစဉ်ဝယ်
ကောင်းကင်ကြီးကငိုမလိုလို။
လူလားမြောက်စေ၊ ပွဲတင့်စေရေး
ရေလောင်းပေါင်းသင်၊ ထိမ်းပဲ့ပြင်ခဲ့
ဥယျာဉ်ကျောင်းကလေး၊ ဗိမ္မာန်လေးဟာ
ညစ်ကြေးလောင်မီး၊ ဖျက်ဆီးခံလိုက်ရတဲ့အချိန်ခါ။
သူ့စေတနာ၊ ဝါသနာ
အနစ်နာများ၊ စော်ကားခံရချိန်
ညိုမှိန်မဲမှောင်၊ ဘဝမှောင်ထဲ
အားတွေခဲ၊ ဇွဲတွေတင်းရင်း
မြေသလင်းထံ၊ ကျောက်နံရံမှာ
သူကြံဖန်တီး၊ သားသမီးတွေ
တတ်သိစေရေး၊ သင်ကြားပေးဝံ့သူ။
ပညာရှာ၊ စာသင်ခန်းမှ
အတင်းအဓမ္မ၊ အကြမ်းပတမ်း
ငမ်းမရဆွဲ၊ ပေါ်တာထဲလိုက်စေ
ကလေးတွေ၊ မြေးတွေအတွက်
ဝမ်းနည်းမျက်ရည်၊ ရှိုက်လျက်ကျစဉ်
ကောင်းကင်ကြီးကလဲပြိုတော့မလို။
သင်္ချာပညာ၊ ကောင်းစွာသင်ပြ
ခွဲတမ်းချ၊ ခွဲခြမ်းပြပေမဲ့လည်း
တစ်လှေထဲစီး၊ တစ်ခရီးတွင်း
ညီရင်းအစ်ကို၊ မောင်ပျိုနှမတွေတောင်
အမှောင်တွေဖုံး၊ အရောင်တွေသုဉ်းမြဲ
တလွဲအတတ်၊ မခွဲတတ်ခဲ့တဲ့
အတည့်မလိုက်၊ တပည့်မိုက်ကြောင့်လေ
အပြုံးတွေခမ်း၊ ရှုံးတွေလွှမ်းစဉ်
ကောင်းကင်ကြီးညို၊ ကမ္ဘာပြိုကြသမို့
ဆရာငိုတယ်၊ ဆရာငိုတယ်၊ ဆရာငိုတယ်။ ။
(လင်္ကာဒီပ)
မိမိညီအစ်ကို ကရင်အချင်းချင်းကိုသော်မျှ စာနာမထားတော့သော ခွဲထွက်ကရင်တစ်စုနှင့် မဟာဝါဒီတွေကြောင့် ကရင်ကလေးငယ်များ၏ နောင်ရေးသည် အင်မတန်မှ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ရောက်နေပါသည်။ တောထဲ၊တောင်ထဲ၊
ဒုက္ခများစွာကြားထဲ အသက်ကို ပဓါနမထားဘဲ ရင်သွေးငယ်များ၏ အနာဂတ်ရေးရှေးရှုပြီး ပင်ပန်းဆင်းရဲကြီးစွာ သင်ကြား
ပြသပေးနေသော အနန္တဂိုင်းဝင် အာဇာနည်ဆရာ၊ ဆရာမများကိုလေးစားတန်ဖိုးထားလျက် ဤကဗျာကိုအမှတ်တရ ရေးဖွဲ့
စပ်ဆိုခဲ့ပါသည်။
Friday, July 30, 2010
ဆရာငိုတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment