Thursday, 24 June 2010 07:57 သျှမ်းသံတော်ဆင့်
လာမည့် ဂျွန် ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့တွင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အထိမ်းအမှတ် အဖြစ် မြို့ကြီး ၃-၄ ခုတွင် မူးယစ်ဆေးဝါးများ ဖျက်ဆီးပွဲကျင်းပမည်ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။
“မူးယစ်ဆေးဝါး ဖျက်ဆီးပွဲက ပန်ဆန်းမှာ အကြီးအကျယ်လုပ်မယ်၊ ပြီးတော့ မိုင်းပေါက်မြို့၊ မိုင်းမော၊ ၀ိန်းကောဝ် တွေမှာလဲ တပြင်တည်း လုပ်မယ်ပြောတယ်”- ဟု ပန်ဆန်းမြို့ခံ သျှမ်းအမျိုးသားတဦးက ပြောပါ သည်။
ဂျွန် ၂၆ ရက် ကမ္ဘာ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂျွန်လဆန်းပိုင်းကတည်းကစ၍ ယခု အချိန်အထိ မူးယစ်ဆေးဝါးနှင့်ပတ်သက်သူများအား ဆက်တိုက်ဖမ်းဆီးစစ်ဆေးထိန်းချုပ်ကြောင်းပန်ဆန်းမူးယစ် အသိုင်းအ၀ိုင်းကပြော၏။
“၀ ရဲတပ်ဖွဲ့က ညအချိန်မတော် ရှောင်တခင်ဧည့်စာရင်းအစစ်ကြမ်းလာတယ်။ မသင်္ကာတဲ့အိမ်တွေ၊ ခရီးသွား တွေကို စစ်ဆေးမေးမြန်းတယ်၊ လဆန်းပိုင်းက အခုထိ အယောက် ၂၀၀ ကျော်ဖမ်းထားတယ်” - ဟု လားရှိုး ကုန်သည်တဦးက ပြောပါသည်။
မူးယစ်သုံးစွဲသည်ဟုထင်ရသော သင်္ကာမကင်းသူများအား ဆီးစစ်ပြီး မူးယစ်ဆေးသုံးစွဲသည့် ဆီးစစ်ချက်မှ တွေ့ရှိပါက ဖမ်းဆီးချုပ်နှောင်ကြောင်း ဆက်၍ပြောပြပါသည်။
ထို့အတူ ပန်ဆန်းမြို့ခံတဦးကလည်း မူးယစ်တိုက်ဖျက်ပွဲရက်နှင့်နီးလာလေ စစ်ဆေးမှု ပိုများလေလေဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောပြ၏။
ဝ ပြည်သွေးစည်းရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေ မူးယစ်ဆေးဝါးမီးရှို့ ဖျက်ဆီးပွဲသို့ ကမ္ဘာ့နိုင်ငံကြီး အသီးသီးမှ သတင်းမီဒီယာအဖွဲ့အစည်းကြီးများအား ဖိတ်ကြားထားခြင်းရှိမရှိ မသိရသော်လည်း ကျိုင်းတုံနှင့် လားရှိုးရှိနအဖ အာဏာပိုင်များ၊ တရုတ်ပြည်ဆိုင်ရာ အာဏာပိုင်များ၊ တရုတ်သတင်းမီဒီယာအဖွဲ့အများအပြားဖိတ်ကြားထားသည်ဟု လည်း ပန်ဆန်းမူးယစ်အသိုင်းအ၀ိုင်းပြောပါသည်။
မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အမေရိကန်က ၀ ပြည်သွေးစည်းရေးတပ်မတော်အား နာမည်ပျက်စာရင်းတွင်ထည့်သွင်း သတ်မှတ်ထားပြီး၊ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင် ဝေရှော်ကန်းသည်လည်း အမေရိကန်အစိုးရ အလိုရှိနေသည့် မူးယစ်ဘုရင်ဖြစ်သည်။
No comments:
Post a Comment