Monday, June 28, 2010

ရေရှားသည့်ပြဿနာကြားက နောက်ထပ်ပြဿနာ ပေါ်ပေါက်နေ

28 Jun 2010

ကန္တာရဝတီတိုင်း(မ်) သတင်းမှ........
ရေးသားသူ - ကူးရယ်

မိုးရာသီရောက်ရှိနေပြီဖြစ်သော်လည်း ကရင်နီပြည်တွင်းဒေသတွင် မိုးရွာသွင်းမှုနည်းပါးပြီး တောင်သူများအနေဖြင့် စိုက်ပျိုးထားသော ပျိုးပင်များကို ရေမပေးနိုင်သည့်အပြင် သောက်သုံးရန်အတွက်ပါ ရေလုံလောက်မှုမရှိသည့် အခက်အခဲများ ကြုံတွေ့နေရသည်။


ထိုကြားထဲက နောက်ထပ်ပြဿနာတခု ထပ်ပေါ်လာသည်မှာ ကျေးရွာအနီးအနားတွင် အခြေစိုက်နေသော မြန်မာစစ်တပ်များက စခန်းအတွက် ရေမပို့မနေရ အမိန့်ထုတ်ထားသည့် အတွက်ကြောင့် ရွာသားများအနေဖြင့် ပိုမိုခက်ခဲမှုများကို ရင်ဆိုင်ရပြန်ပါသည်။

ကရင်နီပြည် ဖရူဆိုမြို့နယ်အတွင်းမှ ရွာသားများသည် ရွာအနီးအခြေစိုက်ထားသော စစ်တပ်စခန်းအား နေ့စဉ်နေ့တိုင်း ရေထမ်းပို့ပေးနေရသည်။ စစ်တပ်အတွက် သောက်သုံးရေအပြင် ချိုးရေကိုပါခတ်ပို့ပေးနေရသည်ဟု ရွာသားများကပြောသည်။

တပ်စခန်းတခုလျင် တရက်ကို ၀ါးမောက်ဗူး (တစ်ဂါလံရှိသောရေဗူး) ၄၅ဗူးအချိန်မှန် ပို့ပေးနေရပြီး မပို့ပေးပါက ဒဏ်ငွေသော်လည်းကောင်း၊ အိမ်မွေးတိရိစ္ဆာန်များကိုသော်လည်းကောင်း ပေးဆောင်ရသည်ဟုဆိုသည်။

“မြန်မာ စစ်တပ်တွေ ရေဆင်းချိုးတယ်ဆိုတာ တခါမှ မတွေ့ဖူးဘူး။ တပ်ထဲမှာဘဲ ချိုးတယ်လေ။ ကျနော်တို့အတွက်တော့ တခါတလေဆို စားဖိုးအတွက်တောင်မရှိဘူး” ဟု တပ်စခန်းများအတွက် အမြဲလိုလို ရေထမ်းပို့ပေးနေရသော ဖရူဆိုမြို့နယ်အတွင်းမှ ရွာသားတဦးကပြောသည်။

ဖရူဆိုမြို့နယ် ဖူးကရားခူကျေးရွာအနီးတွင် စစ်အစိုးရတပ်ရင်း ၅၁၃ မှ တပ်အင်အား ၂၀ ဦးဖြင့် အခြေစိုက်လျက်ရှိသည်။ ကရင်နီပြည်သံလွင်မြစ် အနောက်ဘက်ခြမ်းတွင် ယခင်ကမိုးခေါင်ရေရှားပါးမှု မဖြစ်ပေါ်ခဲ့သော်လည်း ယခု၂၀၁၀ခုနှစ်သည် ရေရှားပါးဆုံးနှစ်ဖြစ်ပေါ်စေခဲ့ပြီး လာမည့်အချိန်ကာလတွင်လည်း မိုးရွာသွင်းမှုမရှိပါက ပိုမိုဒုက္ခရောက်နိုင်သည်ဟု ရွာသားများက ယူဆထားကြသည်။

“ရေထွက်ပေါက်နဲ ကျနော်တို့ ရွာက တနာရီလောက် လမ်းလျှောက်ရပါတယ် ပြီတော့ ရေကိုရဖို့အတွက် အကြာကြီးထပ်စောင့်နေရတော့ အချိန်အရမ်းကုန်တယ် တောင်ယာ အလုပ်တွင်ကိုပါ ပျက်တယ်။ အခုချိန်ထိ မိုးမရွာသေးဘူး ရွာမှာဘယ်လိုလာမလဲမသိသေးဘူး။ အခုရာသီမှာဆိုရင် ထွန်းယက် စိုက်ပျိုးရမယ့်အချိုန်ပါ ဒါပေမဲ့ မိုးမရွာတော့ ဘာမှ လုပ်လို့မရဘူး။” ဟုဖရူဆိုမြို့နယ် ဖူကရားခူကျေးရွာမှ လယ်သမားတဦးကပြောသည်။

ဖရိုဆိုမြို့နယ် ဒေါသမကြီးကျေးရွာမှ ရွာသားတဦးကလည်း “ ဒီနှစ်ကျနော်တို့ရွာရဲရေထွက်ပေါက်က အရမ်းကိုထွက်နည်းသွားတယ် တနာရီလောက် ထိုင်စောင့်မှသာလျှင် ဝါးဗူး တစ်လုံးနဲ့ဘဲပြည့်တယ်လေ။ တချို့ဆိုရင် ဖရူဆိုအထိ ထိုလာဂျီးစက်နဲ့ သွားသယ်ပြီး ဂါလံပုန်း တလုံးနဲ့ဆိုရင် ၂၅၀ ကျပ်နဲ့ ပြန်ရောင်းရတာလဲရှိတယ်" ဟုပြောသည်။

ယခုနှစ် ကရင်နီပြည်တွင်း ဒေသအတော်များများ၌ ရေရှားပါးသည့် ပြဿနာနှင့် ရင်ဆိုင်နေရပြီး ရွာအနီးအနားတွင်အခြေစိုက်နေသည့် စစ်တပ်စခန်းများကိုပါ ရေပုံမှန်မထမ်းပို့ပေးနိုင်ပါက လူ့အခွင့်အရေးချိုးဖေါက်သည့်ပြဿနာများ ပေါ်ပေါက်လာမည်ကိုလည်း ရွာသားများက စိုးရိမ်နေကြသည်ဟုဆိုသည်။

No comments:

Post a Comment